စက်သုံးဆီနှင့်ပတ်သက်ပါက မြေပြင်သတင်းမှန်ရရှိရန်လိုအပ် နွေစပါးစိုက်ကာလဖြစ်၍ စိုက်ပျိုးရေရရှိရေး စက်သုံးဆီပြတ်လပ်မှုမရှိစေရန်ကြပ်မတ်ဆောင်ရွက်ရမည်

Credit to Popular Journal - စက်သုံးဆီနှင့်ပတ်သက်ပါက မြေပြင်သတင်းမှန်ရရှိရန်လိုအပ်ပြီး နွေစပါးစိုက်ကာလဖြစ်၍ စိုက်ပျိုးရေရရှိရေးအတွက် စက်သုံးဆီပြတ်လပ်မှုမရှိစေရန် ကြပ်မတ်ဆောင်ရွက်ရမည်ဟု ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးတင်မောင်ဝင်းမှ စက်သုံးဆီသုံးစွဲမှုခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ “စက်သုံးဆီနဲ့ပတ်သက်ရင် မြေပြင်သတင်းမှန်ရရှိဖို့လို အပ်ပါတယ်။ စက်သုံးဆီအရောင်းဆိုင်တွေကို စက်သုံးဆီနေ့စဉ်ရောက်ရှိမှု ကျန်ရှိမှုနဲ့ ရောင်းချရာမှာ ဈေးတင်ရောင်းတာမျိုးမဖြစ်ဖို့ ကြပ်မတ်ဆောင်ရွက်ရပါမယ်။ နွေစပါးစိုက်ကာလဖြစ်လို့ စိုက်ပျိုးရေရရှိဖို့အတွက် စက်သုံးဆီမဖြစ်မနေလိုအပ်တာကြောင့် စက်သုံးဆီပြတ်လပ်မှုမရှိစေဖို့၊ စက်သုံးဆီခြိုးခြံချွေတာဖို့နဲ့ ဖူလုံမှုရှိ‌စေဖို့တွေကို သတ်မှတ်စည်းကမ်းချက်တွေနဲ့အညီ ယာဉ်တွေမောင်းနှင်အသုံးပြုဖို့ ကြပ်မတ်ရပါမယ်”ဟု ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ပြောသည်။ ထို့ပြင် ပြည်သူများအား မိမိတို့အသုံးပြုရန်အတွက် လိုအပ်သလောက်သာဝယ်ယူသုံးစွဲရန်၊ မလိုအပ်ဘဲ ဝယ်ယူသိုလှောင်ထားခြင်းများမပြုလုပ်ရန်၊ နေ့စဉ်အသုံးပြုသည့်ယဉ်များအနေဖြင့်လည်းသုံးစွဲသည့်အခေါက်ရေ အနည်းဆုံးနှင့် သုံးစွဲသည့်ယာဉ်စီးရေအနည်းဆုံးဖြစ်အောင်ခြိုးခြံဆောင်ရွက်ရန် အသိပညာပေးရမည်ဟု ပြောသည်။ ထို့နောက် တိုင်းအစိုးရအဖွဲ့အတွင်းရေးမှူး၊ သယံဇာတရေးရာဝန်ကြီး၊ တိုင်းရေနံထွက်ပစ္စည်း ကြီးကြပ်စစ် ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်တက်ရောက်လာကြသူများက တိုင်းအတွင်း စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက်ကြပ်မတ်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြခဲ့ကြသည်။ The post စက်သုံးဆီနှင့်ပတ်သက်ပါက မြေပြင်သတင်းမှန်ရရှိရန်လိုအပ် နွေစပါးစိုက်ကာလဖြစ်၍ စိုက်ပျိုးရေရရှိရေး စက်သုံးဆီပြတ်လပ်မှုမရှိစေရန်ကြပ်မတ်ဆောင်ရွက်ရမည် appeared first on Popular .