Credit to Popular Journal - လွှတ်တော်ထဲရောက်လာချိန်၌ ပါတီအရောင်အသွေးမခွဲခြားဘဲ ပြည်သူလူထုအကျိုးရှေးရှုဆွေးနွေးကြရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးအောင်လင်းဒွေးမှ ယနေ့ မတ် ၁၈ ရက်နံနက်ပိုင်းကကျင်းပသည့် တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရပြီးနောက် နှုတ်ခွန်းဆက်စကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ “လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွှတ်တော်ဆိုင်ရာဥပဒေ နည်းဥပဒေတွေကို လေးစားလိုက်နာကြရမှာဖြစ်သလို လွှတ်တော်ကသတ်မှတ်ထားတဲ့ စည်းကမ်းတွေကိုလည်းလိုက်နာရမှာဖြစ်ပါတယ်။ လွှတ်တော်ထဲရောက်လာတဲ့အချိန်မှာ ပါတီအရောင်အသွေးမခွဲခြားဘဲ ပြည်သူလူထုအကျိုးစီးပွားကိုရှေးရှုပြီး ညီညီညွတ်ညွတ်နဲ့ဝိုင်းဝန်းဆွေးနွေးကြဖို့တိုက်တွန်းလိုပါတယ်”ဟု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးအောင်လင်းဒွေးက ပြောသည်။ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူများကယုံ ကြည်စွာရွေးချယ်ပေးလိုက်သူများဖြစ်၍ ပြည်သူတို့၏ အသံကိုနားထောင်ပြီး အတတ်နိုင်ဆုံးဖြည့်ဆည်းပေးရမည်ဖြစ်ကာ ပြည်သူ့အကျိုးကို ရှေ့တန်းတင်ဆောင်ရွက်ကြရန်တာဝန်ရှိသည်ဟု တိုက်တွန်းပြောကြား သည်။ ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူ့အကျိုးစီးပွားကိုဖော်ဆောင်ရမည်ဖြစ်ရာ ပြည်သူ့အကျိုးစီးပွားကို မြင့်မြင့်မားမားဖော်ဆောင်နိုင်ရန် ကိုယ်စားလှယ်များ၏ အရည်အချင်းတိုးတက်မြင့်မားစေရေးအတွက်လည်း အဆက်မပြတ်လေ့လာကြရမည်ဟု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးအောင်လင်းဒွေးက တိုက်တွန်းပြောကြားခဲ့သည်။ The post လွှတ်တော်ထဲရောက်လာချိန်၌ ပါတီအရောင်အသွေးမခွဲခြားဘဲ ပြည်သူလူထုအကျိုးရှေးရှုဆွေးနွေးကြရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးပြော appeared first on Popular .